ဒီဆောင်းပါးဟာ Programming ဆိုတာကို မသိသေးသူတွေအတွက် ရည်ရွယ်ပါတယ်။ 10တန်းအောင်စာရင်းတွေလည်း မကြာသေးခင်ကမှ ထွက်ထားတော့ လူငယ်တွေက မိမိရှေ့ဆက်ပြီး လေ့လာရမယ့်၊ လျှောက်လှမ်းရမယ့် career အကြောင်းကို စဉ်းစားနေလောက်ကြပါပြီ။ ကျနော် ဒီနေ့ လူငယ်တွေထည့်သွင်း စဉ်းစားသင့်တဲ့ Programmer career အကြောင်းကို မိတ်ဆက်ပေးသွားပါမယ်။

အရင်ကလည်း ပြောထားခဲ့ဖူးပေမယ့်လို့ ပြည့်ပြည့်စုံစုံလေးဖြစ်စေချင်တာကြောင့် အသစ်ထပ်ရေးလိုက်ပါတယ်။

ပထမဦးဆုံး programming ဆိုတဲ့ ဘာသာရပ်က ဘာလဲဆိုတာကို meaning ဖွင့်ဖို့လိုပါတယ်။ ကျနော် ၁၀တန်းပြီးတုန်းကတော့ programming ဆိုတာ အသာထား၊ IT ဆိုတဲ့ စကားလုံးကိုပဲသိတယ်။ IT မှာမှ Hardware , software ရှိတယ်၊ ဒါပဲသိထားတယ်။ (ဖုန်းပြင်တဲ့ ဆိုင်မှာတောင် လုပ်ဖို့တွေးမိသေးတယ်). ဆိုတော့ ဒီ programming ဆိုတဲ့ ဘာသာရပ်ဟာ software category အောက်ထဲကိုရောက်သွားပါတယ်။ အဓိက သူ့ရဲ့ ရည်ရွယ်ချက်ကတော့ program code တွေရေးသားပြီး မိမိတို့လိုအပ်တဲ့ system တွေ application တွေဖန်တီးကြပါတယ်။

ပထမဦးဆုံး မြင်အောင်ပြောရရင် ကျနော်တို့ နေ့စဉ်အသုံးပြုနေတဲ့ facebook ကိုနမူနာထားပါစို့၊ facebook.com ကို browser ကနေသုံးကြတယ်။ ဒါကို website လို့ခေါ်နိုင်တယ်၊ facebook application ကို android ဖုန်းကနေသုံးတယ်။ ဒါဆို android application၊ iOS ကနေသုံးတယ် ဒါဆို iOS application လို့သတ်မှတ်နိုင်ပါတယ်။ ဒီလိုမျိုး website တွေ application တွေအဖြစ်အသုံးပြုနိုင်ဖို့ရာ program code တွေရေးသားဖန်တီးကြပါတယ်။ ရေးသားတဲ့သူတွေကိုတော့ programmer လို့ခေါ်ကြပါတယ်။

ဒါဆိုရင် programming ဆိုတာဘာလဲ အကြမ်းဖျင်းသိပြီဆိုတော့ ကျန်တဲ့ အရေးကြီးတဲ့အပိုင်းလေးတွေဆက်ကြည့်ရအောင်။

ဒီဘာသာရပ်ကို ဘယ်လိုလေ့လာနိုင်မှာလဲ။
Programming ကိုမည်သူမဆို ဘယ်နေရာကမဆို လေ့လာနိုင်ပါတယ်။ ဒါက programming career ရဲ့ ကောင်းတဲ့အချက်ပါပဲ။ programmer တစ်ယောက်ဖြစ်ဖို့ ဘာ degree တွေ diploma တွေဆိုတာ မလိုအပ်ပါဘူး၊ သက်ဆိုင်ရာ degree၊ diploma တွေရှိရင်တော့ အကောင်းဆုံးပေါ့။ လေ့လာဖို့အတွက် computer university ရှိမယ်၊ တစ်ခြား နည်းပညာ university တွေလည်း ရှိပါမယ်။ အကယ်လို့ ကိုယ်က အမှတ်မမှီတာတို့၊ တစ်ခြားသောအကြောင်းကြောင်းကြောင့် university မတတ်ဖြစ်သည့်တိုင်အောင် အပြင်သင်တန်းတွေကနေ လေ့လာလို့ရနိုင်ပါသေးတယ်။
လေ့လာတဲ့ နေရာမှာ programming ကိုထပ်ခွဲရမယ်ဆို အပေါ်မှာပြောခဲ့တဲ့
Website development
Android App Development
iOS App Development
Desktop Development ဆိုပြီး စသည်ဖြင့်ထပ်ခွဲချလိုက်လို့ရပါတယ်။ ဒါကြောင့်မိမိအားသန်တဲ့ Platform ကိုရွေးပြီးတော့ ဆက်လိုက်လို့ရပါတယ်။ ဥပမာပေးရရင် English movie ကြည့်ချင်ရင် English စကားနားလည်ရမယ်၊ တရုတ်ကားကြည့်ချင်ရင် တရုတ်စကားနားလည်ရမယ်။ ထိုနည်းလည်းကောင်းပဲ website development ဘက်သွားမယ်ဆို လေ့လာရမယ် အရာကတစ်ခု၊ android , iOS အတွက်ဆိုလည်းလေ့လာရမှာတွေက သက်သက်တစ်ခုဆီ ရှိပါတယ်။

လေ့လာရလွယ်လား၊ ခက်လား၊ ဝင်ငွေအနေအထား။

လေ့လာတဲ့လူရဲ့စိတ်အားထက်သန်မှု နဲ့ ကြိုးစားမှုအပေါ်မူတည်ပြီး လွယ်တယ်၊ ခက်တယ်က စကားပြောသွားပါလိမ့်မယ်။ ကျနော်ကတော့ မလွယ်ဘူးဆိုတဲ့ condition ပေါ်တင်ထားချင်ပါတယ်။ programmer လုပ်တော့မယ်ဆို ဆုံးဖြတ်လိုက်တာနဲ့ နည်းပညာ အသစ်အသစ်တွေကို လိုက်လေ့လာနိုင်ဖို့လိုသလို မိမိ profession လုပ်ထားတဲ့ နည်းပညာကိုလဲ အမြဲထိတွေ့နေဖို့လိုပါတယ်။ programming career က physical tired မဖြစ်ပေမယ့် mentally အရ ပင်ပန်းပါတယ်။ ဝင်ငွေကတော့ မိမိရဲ့ အတွေ့အကြုံနဲ့ skill ပေါ်မူတည်ပြီး တော်လာတာနဲ့အမျှ ဝင်ငွေပိုပိုကောင်းလာမှာပါ။ အနာဂတ်မှာလည်း ဆက်ကောင်းသွားဖို့ပဲရှိပါတယ်။ ပိုက်ဆံရတယ်ဆိုပြီး ဒီ career ထဲဝုန်းဒိုင်းဝင်လာမယ်လို့တော့လည်း မဆုံးဖြတ်စေချင်ဘူး၊ ခုနကပြောသလိုပဲ mentally အရ ပင်ပန်းပါတယ်။ ဒါကြောင့် ဝါသနာတစ်ကယ်ပါတဲ့သူ ဒါမှမဟုတ် mentally tired ဖြစ်တာကို ခံနိုင်စွမ်းရှိသူတွေပဲ ဒီ career ထဲမှာ ရေရည် survive လုပ်နိုင်ပါတယ်။ မဟုတ်ရင်တော့ လစ်ပြေးကြတာများပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သတ်ပြီး။

အပေါ်မှာပြောခဲ့သလိုပဲ IT ဆိုတာဘယ်သူမဆိုလေ့လာပြီး ဝင်ရောက်နိုင်တဲ့ career တစ်ခု ဖြစ်တဲ့အတွ့က် ကြိုက်တဲ့ နယ်ပယ်ကလူ ဝင်လို့ရတယ်။ Field ကပိုကျယ်လာလေလေ challenging ပိုဖြစ်လာလေလေ ပဲ။ အဲ့ထဲမှာမှ ကိုယ်က လေ့လာမှုအားကောင်းထားမှ နည်းနည်းတော်ရာကျမယ်။ လူတွေအများကြီးထဲမှ ကိုယ့်ကို chosen အဖြစ်ခံချင်တယ်ဆို ကိုယ်ကိုတိုင်ကလည်း တစ်ခြားလူတွေထက် ပိုကြိုးစားထားဖို့လိုတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံက market ရဲ့ လိုအပ်ချက်အရ project ကိုတန်းလုပ်နိုင်တဲ့ သူတွေပဲလိုအပ်နေတယ်။ newbie တွေကိုခေါ်ပြီး training လုပ်ပေးမယ့် company ဆိုတာခပ်ရှားရှားပဲ၊ Junior level ခေါ်တယ်ဆိုရင်တောင်မှ သူတို့နဲ့ သက်ဆိုင်ရာ သင်တန်းဖြစ်ဖြစ် agency ဖြစ်ဖြစ် ကနေ တန်းလုပ်နိုင်လောက်မယ့် လူပဲရွေးခေါ်ကြတာများတယ်။ ဒါကြောင့် company တွေက On Job Training သဘောမျိုးခေါ်ဖို့ဆိုတာ ခုနကပြောသလိုပဲ အတော်လေးရှားလာပါတယ်။

ဒါကြောင့် မိမိဘာသာ လေ့လာနိုင်သလောက် တတ်နိုင်သလောက်ဖြည့်ထားပါ။ ကိုယ်ရထားတဲ့ technology နဲ့ ကိုယ့်ရဲ့ portfolio ကို ကောင်းအောင်လုပ်ထားပါ။ ဒါဆိုရင် interview chance ရတဲ့အခါကျ ကိုယ့်ရဲ့ capability ကိုပြနိုင်ပြီး အလုပ်ရဖို့ အခွင့်အလမ်း အများကြီးရှိနိုင်ပါတယ်။ programming experience အတိုင်းအတာတစ်ခုရှိသွားပြီဆို oversea ထွက်ဖို့ chance တွေလည်းရှိပါတယ်။

ဒီဆောင်းပါးမှာ ကျနော်တတ်နိုင်သလောက် နည်းပညာပိုင်းအခေါ်အဝေါ်တွေနဲ့ တစ်ခြားသောအကြောင်းအရာတွေကို အသေးစိတ်မသွားထားတဲ့အတွက် နားလည်ရလွယ်မယ်လို့ထင်ပါတယ်။ နားမလည်တာရှိတာတို့ ထပ်သိချင်တာရှိတာတို့ဆို comment မှာထပ်မေးသွားလို့ရပါတယ်။

ဒီဆောင်းပါးကိုဖတ်ပြီး နောက်ထပ် ထပ်ဖတ်ချင်သေးတယ်ဆို ကျနော်အရင်က ရေးထားဖူးတဲ့
programming လောကထဲသို့ ခြေလှမ်းအစ (သို့) programmer တစ်ယောက်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ ဆောင်းပါးကို အောက်က link မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://www.aprogrammer.blog/2019/12/12/how-to-become-a-programmer/

ကျေးဇူးတင်ပါတယ်။