Web hosting ဆိုတာက ကျနော်တို့ရဲ့ website ကို host လုပ်ပေးထားတဲ့ computer တစ်လုံးပါပဲ။ web hosting ကို အိမ်တစ်လုံးလို့သတ်မှတ်ပြီး အိမ်ထဲမှာရှိတဲ့ ပရိဘောဂ တွေကို ကျနော်တို့ရဲ့ code file တွေ, media assets တွေအဖြစ်သတ်မှတ်လို့ရပါတယ်။ Hosting မှာ shared hosting, VPS, dedicated နဲ့ cloud hosting ဆိုပြီးယေဘုယျအားဖြင့်ကွဲထွက်သွားပါမယ်။ အားလုံးမှာသူ့အားနည်းချက်၊ အားသားချက်ကိုယ်စီရှိကြပါတယ်။

Shared Hosting

အားလုံးထဲမှာ ဈေးအသက်သာဆုံးလို့ဆိုလို့ရပါတယ်။ ဈေးသက်သာဆို သူ့ရဲ့ အလုပ်လုပ်လုပ်ပုံက hosting တစ်ခုထဲမှာပဲ website အများအပြားကို တစ်ခါတည်း တင် run ထားပါတယ်။ မြင်အောင်ပြောရရင် web server တစ်လုံး (computer) တစ်ခုထဲမှာတင် project တွေကို shared လုပ်ထားပါတယ်။ ဒါကြောင့် website အားလုံးက server တစ်ခုထဲကနေပဲ RAM တွေ CPU တွေကို share လုပ်ကြပါတယ်။ ဆိုတဲ့ အတွက်ကြောင့် performance ပိုင်းဆိုင်ရာမှာ သိသိသာသာ အားနည်းချက်ရှိပါတယ်။ ပြီးတော့ ဒီလို shared hosting တွေဟာ root access မရပါဘူး။ ကိုယ့် site က traffic များတတ်မယ်၊ root access တွေဘာညာ လိုချင်ရင် shared hosting မသုံးသင့်ပါဘူး။

VPS (Virtual Private Server)

VPS ကတော့ အခုနောက်ပိုင်းတော်တော် သုံးကြပါတယ်။ ဈေးကလည်း အရမ်းမကြီး ကိုယ်ပိုင် သီးသီးသန့်သန့် server တစ်လုံးရတယ် ဆိုတော့ သုံးတဲ့သူများလာကြတယ်။ ကိုယ်ပိုင် private server ရတယ်ဆိုပေမယ့် သူလဲ share သုံးနေရတုန်းပါပဲ၊ ဒါပေမယ့် အပေါ်က shared hosting နဲ့ မတူတာက ဒီကောင်က web server (computer) တစ်လုံးကို virtual server တွေခွဲထုတ်လိုက်ပါတယ်။ ဒါကြောင့် အသုံးပြုသူက အဲ့ဒီ virtual server ပေါ်မှာ ကိုယ်ပိုင် တစ်သီးတစ်သန့် အသုံးပြုနိုင်တာပဲဖြစ်ပါတယ်၊ပြီးတော့ ခွဲထုတ်ထားတဲ့ virtual server ကလည်း အများအပြားမရှိဘူး၊ အနည်းငယ်ပဲရှိပါမယ်။ Private server access ရှိတဲ့အတွက် root access လည်းရပါတယ်။ ကိုယ်ပိုင် server သီးသီးသန့်သန့်လိုချင်တယ်၊ root control လိုချင်တယ်၊ traffic လည်းအတန်အသင့်ရှိမယ်ဆို VPS က မဆိုးဘူးလို့ပြောလို့ရပါတယ်။

Dedicated Server

VPS ကိုမှတစ်ဆင့် ထပ်တိုးပြီး Dedicated Server သုံးလို့ရတယ်။ Dedicated မှာက VPS လိုမျိုး server တစ်လုံးကနေ virtual တွေမခွဲတော့ဘူး။ မိမိရဲ့ site အတွက် server တစ်လုံးလုံးကို dedicate လုပ်ပြီးသုံးထားပါတယ်။ ဒါကြောင့် server ရဲ့ resources အကုန်လုံးက ကိုယ့် site တစ်ခုတည်းမှာပဲ သက်ရောက်တော့မှာပါ။ performance ပိုင်းအရ VPS တွေထက် ပိုကောင်းတယ်ဆိုတာ လက်ခံရမှာပါ။ Whole server တစ်ခုလုံးကို သုံးမှာဖြစ်တဲ့အတွက် dedicated server တွေက performance လည်းကောင်းမှာဖြစ်သလို ဈေးလည်းကြီးမှာဖြစ်ပါတယ်။
Cloud Servers

Traffic အများကြီးရှိတဲ့ project တွေအတွက် cloud hosting တွေက ပိုသင့်တော်ပါမယ်။ cloud မှာတော့ site တစ်ခု သို့ group of site အတွက် servers တွေကို တစ်လုံးထက်မက သုံးထားပြီး control လုပ်ထားတာဖြစ်ပါတယ်။ Traffic requests တွေအများကြီးရှိသည့်တိုင်အောင် site ကို stable ဖြစ်နေအောင် servers တွေက control လုပ်ပေးထားတာဖြစ်ပါတယ်။ cloud servers တွေများတဲ့အတွက် manage လုပ်ရတဲ့နေရာမှာ ကသီနိုင်သလို ဈေးလည်း အင်မတန်ကြီးပါတယ်။ ဒါပေမယ့် traffic အရမ်းများတဲ့ scenario မှာဆို cloud hosting ကိုအသင့်တော်ဆုံးဖြစ်ပါတယ်။

Hosting တွေကိုရောင်းတဲ့ company တွေအများကြီးရှိပါတယ်။ ကျနော် personal အသုံးများဖြစ်တာကတော့ Digital Ocean သုံးတာများပါတယ်။ အလုပ်နဲ့ပတ်သတ်လို့ကတော့ AWS ကိုသုံးပါတယ်။ တစ်ချို့ hosting တွေကတော့ server renting လုပ်ရုံတင်မကဘဲ တစ်ခြားသော domain ဝယ်တာ၊ mailing service website builder service အစရှိတာတွေပါ တစ်ပါတည်း ရောင်းတာတွေလည်း ရှိကြပါတယ်။

ဒီလောက်ဆိုရင် web hostings အကြောင်းနဲ့ သူ့မှာရှိတဲ့ Type တွေကို ကွဲကွဲပြားပြား သိသွားမယ်ထင်ပါတယ်။

ကျေးဇူးတင်ပါတယ်။