တစ်ခါတစ်လေကျဘာမှလုပ်ချင်စိတ်မရှိအောင် ပျင်းနေတာလိုလို motivation ပဲပျောက်နေတာလိုလိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် အလုပ်ကလည်း သတ်မှတ်ထားတဲ့ tasks တွေ deadlines တွေရှိပါတယ်။ မလုပ်ချင်လဲ လုပ်နေရတဲ့ အချိန်တွေရှိတတ်ပေမယ့် အဲ့လိုအချိန်တွေမှာ productive ဖြစ်အောင်လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ ကျနော် ဘယ်လို productive ဖြစ်အောင်လုပ်နေလဲ ဆိုတဲ့ အချက်တစ်ချို့ကို ဒီနေ့ရေးပေးမှာပါ။

Motivation ရှိမှ code ရေးလို့ရတာသေချာလား ? (Live without your soul sometimes)

Motivation မရှိဘဲ code ရေးနိုင်ဖို့ motivation ကိုအရင်ဖယ်ထားဖို့လိုပါတယ်။ Problem solved :3.
မိမိရဲ့ professional အလုပ်တစ်ခုဖြစ်တဲ့ code ရေးဖို့အတွက် motivation အပေါ် ၁၀၀ ရာခိုင်နှုန်း မှီခိုမနေသင့်ပါဘူး။ လူ့စိတ်ဆိုတာ တစ်လတစ်လ မပြောနဲ့ ၊ မနက်နဲ့ညတောင် တူချင်မှတူတာ၊ motivation ဆိုတာလည်း ထိုနည်းလည်းကောင်းပဲ တတ်ချိန်ရှိသလို ကျချိန်လည်းရှိတာပဲ။ ဒါကြောင့် ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေပြီးမြောက်ဖို့ကို motivation အပေါ်မှီခိုနေရတယ်ဆို ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် အလုပ်နဲ့ moti နဲ့ကို သက်သက်စီခွဲထားလိုက်ပါ၊ လုံးဝကြီးမရှိခိုင်းတာမျိုးတော့လည်း မဟုတ်ဘူး။ လူတိုင်းကတော့ အကြောင်းတစ်ခုခု၊ မျှော်လင့်ချက်တစ်ခုခု နဲ့ အသက်ရှင်နေကြတဲ့ လူတွေကြီးပဲ။ ကျနော်ဆိုလိုချင်တာက အလုပ်ကို အလုပ်လိုဖြစ်အောင်လုပ်နိုင်ဖို့ တစ်ခါတစ်ရံ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကိုလည်း ဖယ်ထားနိုင်ဖို့လိုအပ်ပါတယ်။ ဒါမှသာ ရှေ့ဆက်ပြီးသွားနေနိုင်မှာပါ၊ Motivation ရှိနေတဲ့အချိန်မှာ ရေးတာလောက်တော့ productive မဖြစ်ပေမယ့် သူ့ဟာနဲ့သူ ဆက်သွားနေဖြစ်မှာပါ။

အာရုံစိုက်ရတာခက်နေတယ်။

လူသားတွေပဲ၊ စိတ်ခံစားချက်တွေရှိတယ်၊ အာရုံတွေထွေပြားနေတာတွေရှိတယ်။ ဒါတွေက ပုံမှန်ပဲ၊ အခုလို covid-19 ကာလထဲမှာဆို ပိုဆိုးတာပေါ့၊ တော်တော်များများ အိမ်ကနေအလုပ်လုပ်နေကြတယ်။ အလုပ်ခွင်နေရာပြောင်းသွားတာကြောင့်လည်း အလုပ်ကို အာရုံစိုက်ရတာ ခက်ခဲနိုင်တာတွေရှိနိုင်ပါတယ်။ ဒါတွေက ပြင်ဆင်လို့ရတဲ့ အရာတွေပဲ၊ တစ်ဖြည်းဖြည်းခြင်းပြင်သွားလို့ရတယ်။ ကိုယ့်ရဲ့ ဘာလို့ အာရုံစိုက်လို့မရလည်းဆိုတဲ့ အကြောင်းအရင်းကိုရှာ၊ ကျနော့်အကြောင်းအရင်းကတော့ မယ်မယ်ရရ ရယ်လို့မရှိဘူး။ အလုပ်လုပ်နေရင်း ဟိုဟာလုပ်မိ ဒီဟာလုပ်မိနဲ့ အလုပ်ဆီ ပြန်မရောက်ဖြစ်တော့ဘူး။ အဲ့လို ပြဿနာကို ဘယ်လိုရှင်းလဲဆိုတော့ focus လုပ်နေတဲ့အရာတစ်ခုပေါ်ကနေ ချော်မထွက်သွားအောင်နေတယ်၊ အကြာကြီးမဟုတ်တောင် သတ်မှတ်ထားတဲ့ အချိန်တစ်ခုထိပေါ့။ မိတ်ဆွေတစ်ယောက်က pomodoro timer ဆိုတာကိုပြောပြပေးဖူးတယ်၊ အခုထိလည်း အဲ့ဒါကို ဒီလို ပြဿနာရှိလာရင်သုံးတုန်းပဲ။ https://tomato-timer.com/ ဒီ link မှာသွားကြည့်လို့ရတယ်။ 25 minutes အလုပ်လုပ် တစ်လှည့်စီ short break long break ပြန်ယူတဲ့ပုံစံလေး၊ အသုံးဝင်မယ်လို့ထင်ပါတယ်။

အချိန်ဇယားနဲ့ ကိုယ့်ကိုကိုယ် စီမံခန့်ခွဲနိုင်ဖို့။

ကျနော်မအိပ်ခါနီး နောက်တစ်ရက်လုပ်ရမှာလေးတွေ ချရေးဖြစ်ပါတယ်။ ပြီးတော့ ဒါကတော့ ပြီးနိုင်သည်၊ ဒါကတော့ နောက်တစ်ရက်ထဲထပ်ထည့်ရမယ် စသည်ဖြင့် မနက်ဖြန်အတွက် အချိန်ဇယားလေးနေ့တိုင်းချဖြစ်တယ်။ ဒါကြောင့် ညဘက် အိပ်ရာဝင်ရင် မနက်ဖြန်အတွက်ဆိုပြီး တွေးပြီး အိပ်မပျော်တာဘာညာမဖြစ်တော့ဘူး။ မနက်ဖြန်ရောက်ပြီဆို ကိုယ်ကိုတိုင်ချမှတ်ထားတဲ့ စည်းကမ်းပေါ်မှာ ကိုယ်တိုင်လိုက်နာပြီးနေသွားတယ်။ မျှတအောင်လည်း အစတည်းကလုပ်ထားရတာပေါ့၊ နားချိန် အလုပ်ချိန် အကုန်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အမြဲတမ်းလိုက်နာနိုင်တာတော့လည်း မဟုတ်ဘူး၊ ဒါပေမယ့် ဒီတိုင်း ရောက်တတ်ရာရာ ထလုပ်တာထက်စာရင် ကိုယ့်ကိုယ်ပိုင် အချိန်ဇယားနဲ့ ထိန်းပြီးသွားတာက အများကြီးပိုသာပါတယ်။

အနားယူဖို့လည်း လိုပါတယ်။

တစ်ခါတစ်ရံ အရမ်းပင်ပန်းသွားတာပဲဖြစ်ဖြစ် တစ်နေကုန် error ကိုဖြေရှင်းမရတဲ့ အခါပဲဖြစ်ဖြစ် ခနတစ်ဖြုတ် short break သို့ long break ယူသင့်ပါတယ်။ အလုပ်ကြောင့်မဟုတ်ဘဲ ပြင်ပ ပြဿနာတွေကြောင့် ပင်ပန်းနေတာလည်းဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ code ရေးဖို့ ဦးနှောက်က အလုပ်မလုပ်ပေးနိုင်တဲ့အချိန်တွေရှိပါတယ်။ ကျနော်ကတော့ ဝရံတာထွက်ပြီး မုန့်စားတာလုပ်ဖြစ်တယ်၊ game ခနဆော့ဖြစ်တယ်၊ နေ့လည်ဘက်ဆို ၁၅ မိနစ်လောက်အိပ်တာမျိုးတွေလုပ်တတ်တယ်။ ပြီးတော့မှ လုပ်ငန်းခွင်ထဲပြန်ဝင်တယ်။ စိတ်ပိုကြည်ပြီး အလုပ်လုပ်ချင်စိတ်ပိုဖြစ်လာတယ်။ အိပ်ရေးပျက်တာတွေများပြီး အလုပ်အပေါ်ဘယ်လိုမှ အာရုံမလာတာတွေလည်းရှိတတ်ပါတယ်။ အဲ့အချိန်ကျ ခွင့်တောင်းပြီး ကိုယ့်ရဲ့ body ကို အနားပေးသင့်တာမျိုးတွေလည်း လုပ်သင့်ပါတယ်။ weekend မှာကိုယ်ဝါသနာပါတာလေးတွေလုပ်ဖြစ်တာကလည်း နောက်တစ်ပတ်ပြန်စနိုင်ဖို့ အားရှိစေပါတယ်။ relax ဖြစ်တယ်၊ stress လျော့တယ်ပေါ့။ ကျနော်ကတော့ ဘောလုံးကန်တယ်။

တစ်ခြားသောအချက်တွေလည်း ရှိပေမယ့် အပေါ်ကအချက်တွေကတော့ လတ်တလော ကျနော်လုပ်ဖြစ်နေတဲ့ အရာလေးတွေပါ။ ကိုယ်ကိုတိုင်သုံးနေတဲ့ အချက်တွေရှိရင်လည်း အောက်က comment မှာဝင်ရေးသွားလို့ရပါတယ်။

Thanks for reading. See Ya.