ဒီတစ်ပတ်တော့ OOP series ခဏနားပြီးတော့ bad programming habits ဆိုတဲ့ programming လုပ်နေတဲ့ အချိန်မှာ မထားသင့်တဲ့၊ ဖျောက်သင့်တဲ့ bad habits တွေအကြောင်းကိုရေးသွားမှာပဲဖြစ်ပါတယ်။ တစ်ချို့ဟာတွေကလည်း ကိုယ်တွေ့ပေါ့လေ :3။ ဘာလို့ ဒီအကြောင်းရေးရတာလဲဆိုတော့ ပုံမှန်ဆို ရုံသွားရုံးတတ် အလုပ်လုပ်နေတဲ့အချိန် အချိန်ပိုကသိပ်မထွက်ဘူး၊ အခုလို remote working လုပ်နေတဲ့ အချိန်မှာ မိမိအတွက် အချိန်ပိုတွေထွက်အောင် ကိုယ့်ကိုကိုယ် ပိုတိုးတတ်အောင် လုပ်ဖို့အချိန်တွေရပါတယ်။ အခုပြောမယ့်အထဲက bad habits တစ်ချို့ကိုယ့်မှာရှိခဲ့တယ်ဆိုရင်လည်း ပြင်ဆင်ဖို့အချိန်ရတာပေါ့။

Official Documentation ကိုမဖတ်ဖြစ်တာ

နည်းပညာတစ်ခုခုလေ့လာပြီဆို အဲ့ဒီနည်းပညာနဲ့ပတ်သတ်တဲ့ official docs website ပါတစ်ပါတည်းရှိပါတယ်။ official documentation မှာဆို ဒီနည်းပညာ နဲ့သက်ဆိုင်တဲ့ features အစုံအလင်ကို ပြည့်ပြည့်စုံစုံတင်ပြထားတယ်။ တစ်ခါတစ်လေ ကိုယ်က ဒီ language မှာဒီလိုမျိုးလုပ်လို့ ရနိုင်လားဆိုတာကို သိချင်တဲ့အချိန် official documentation ကိုသွားမကြည့်ဘဲ ကျန်တဲ့ forum တွေ website တွေဝင်ကြည့်ပြီး အချိန်တွေကုန်သွားတာလည်း ဒုနဲ့ဒေးရှိတတ်ပါတယ်။ ဒါကြောင့် official documentation ကိုကြည့်တတ်တဲ့ အလေ့အကျင့်ကောင်းလေးတစ်ခုမွေးမြူတတ်ဖို့လိုပါတယ်။ documentation ဖတ်တတ်သွားပြီဆို ဘယ် site မှတောင် သိပ်ဝင်ကြည့်စရာမလိုတော့ဘူး၊ ကိုယ့်ရဲ့ code editor နဲ့ documentation နဲ့တင်ပြည့်စုံသွားပါပြီ။

Copy Pasting Code

ကိုယ့် project ထဲမှာ error တတ်နေလို့ research လုပ်ရင်း internet ပေါ်ကနေ code တွေ copy ကူးလာပြီး သုံးလိုက်တယ်၊ error ကတော့ပျောက်သွားပါရဲ့ ဒါပေမယ့် ကူးလားတဲ့ code ကဘာလုပ်တယ်ဆိုတာမျိုးကို မသိတာမျိုးက မဖြစ်သင့်ပါဘူး။ ကိုယ်တွေ့လာတဲ့ code အပိုင်းအစလေးအပေါ်ကို သေချာလေး ဖတ်သင့်ပါတယ်၊ တစ်ချို့ဟာတွေကလည်း လွယ်မယ်၊ ခက်တာတွေလည်း ရှိမှာပေါ့။ ဒါပေမယ့် ကိုယ့် source code ထဲမှာသူများ code ထည့်သုံးတော့မယ်ဆို အဲ့ဒီ code ကဘာလုပ်တယ်ဆိုတာ ကျကျနန သိထားဖို့လိုပါတယ်။ နောက်တစ်ဆင့်ထပ်လုပ်လို့ရတာက ဒီ code ကအလုပ်လုပ်တာမှန်ပေမယ့် ကိုယ့် project ထဲမှာဆို ဘယ်လိုပြန်ပြင်ရေးလိုက်ရင် သင့်တော်မယ်ဆိုတာမျိုးကိုလည်း စဉ်းစားပြီး optimize လုပ်ဖို့လိုရင်လုပ်သင့်ပါတယ်။ ဒါဆိုရင် နောင်တစ်ချိန် ဒီလို issue မျိုးပြန်တွေ့လာရင် ကိုယ် optimize လုပ်ထားတဲ့ code ကို reuse ပြန်လုပ်နိုင်တယ့်အပြင် ကိုယ့်အတွက်လည်း အတွေ့အကြုံကောင်းတွေ ပိုရပါတယ်။

Lack of structures

Code ရေးတဲ့အချိန်မှာ programmer တိုင်းက သူ့ style နဲ့သူရှိကြပါတယ်။ ဆိုလိုချင်တာက project တစ်ခုကိုရေးတဲ့ approach တွေ design patterns သုံးတာတွေ တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး၊ နောက်ပြီးတော့ structure လည်းမတူကြပါဘူး။ မတူတာကကိစမရှိပါဘူး။ ကိုယ်သုံးထားတဲ့ structure နဲ့ design patterns တွေကသာ အသုံးမဝင်ဘူးဆိုရင် ကိစရှိတာပါ။ ခုနကလို copy paste ကူးလာတဲ့ code တွေသုံးတာများလာပြီဆိုရင် project က structure ကျမှာမဟုတ်တော့ဘူး၊ နောက်တစ်ခုက ကျနော် programming စလုပ်တဲ့အချိန်လောက်တုန်းက design pattern တစ်ခုခုလေ့လာလိုက်ရပြီဆို အဲ့ဒီ pattern ကို project ထဲမှာ apply တစ်အားလုပ်ချင်တာ၊ ကိုယ်သိတယ်ဆိုတာကို show off လုပ်ချင်တာပဲသိတယ်၊ ဒီ pattern က ကိုယ့် project မှာသုံးသင့်လား မသုံးသင့်လား ဆိုတာကို မတွေးမိဘူး။ ဒါကြောင့် ကိုယ့် project မှာ patterns တွေအများကြီးသုံးပြနေစရာမလိုဘူး။ structure ကျကျနဲ့ သင့်တော်တဲ့ patterns တွေသုံးမယ်ဆို project က အလိုလိုနေရင်း elegant ဖြစ်ပါတယ်။ project ထဲမှာ မအပ်စပ်တဲ့ structure & patterns တွေသုံးမိတာမျိုးကိုလည်း သတိထားပြီး ရှောင်သင့်ပါတယ်။

Code ကို “သ” လွန်းတာ

တစ်နည်းအားဖြင့် perfect ဖြစ်ချင်တာပေါ့လေ။ ဒါကမကောင်းတဲ့ habit တစ်ခုလို့ပြောလို့မရပေမယ့် တစ်ခါတစ်လေ သူ့ကြောင့်ပဲ ဒုက္ခရောက်ရတာတွေရှိပါတယ်။ ကိုယ်ရေးတဲ့ code ကို end of the day မှာ 100% ကျေနပ်သွားတဲ့ programmer ဆိုတာမရှိသလောက်ပါပဲ။ အဲ့လိုဖြစ်အောင် ကြိုးစားနေရတာကလည်း တော်တော်လေးပင်ပန်းတဲ့ အလုပ်ပါ။ တစ်ခါတစ်ရံ urgent ဖြစ်နေတဲ့ bugs တွေ tight ဖြစ်နေတဲ့ deadline တွေမှာ code ကို သ နေတာနဲ့တင် ပြီးသင့်တာတွေမပြီးတော့ဘဲ နှစ်ဦးနှစ်ဖက် ဒုက္ခရောက်ရပါတယ်။ perfect ဖြစ်အောင် မလုပ်ရဘူးလို့ဆိုလိုတာ မဟုတ်ပါဘူး၊ အချိန်အခါနဲ့ အခြေအနေကိုကြည့်ပေါ်မူတည်ပြီး သသင့် မသသင့်ဆုံးဖြတ်နိုင်ဖို့လိုအပ်ပါတယ်။ တစ်ခါတစ်လေလည်း ကိုယ့် code ကို fully optimize လုပ်ဖို့လိုအပ်တဲ့အချိန်တွေရှိပါတယ်၊ အဲ့အတွက် အချိန်တစ်ခုလည်းရှိတယ်ဆိုရင်တော့ ကြိုးစားသင့်တဲ့ အခြေအနေဖြစ်ပါတယ်၊ မလိုအပ်တဲ့ အချိန်တွေမှာတော့ သတိချပ်ထားသင့်ပါတယ်။

Health

တစ်နေကုန်အထိုင်များနေတဲ့ လူတွေအတွက် ကျန်းမာရေးက သာမန်လူတွေထက်ပိုအရေးကြီးပါတယ်။ Junk food အစားများတာတွေ၊ ကိုယ်လက်လှုပ်ရှားမရှိတာတွေ၊ ညဘက် ညနက်တဲ့အထိ အလုပ်လုပ်တတ်တဲ့ အကျင့်ဆိုးတွေ ဖျောက်သင့်ပါတယ်။

soft skills နဲ့ပတ်သတ်ပြီးပြောရရင်လည်း အများကြီးထွက်လာမှာဆိုတော့ ဒီမှာထပ်မရေးတော့ပါဘူး၊ ဖတ်ချင်ရင် ကျနော့် blog site ထဲမှာ soft skills နဲ့သက်ဆိုင်တဲ့ articles တွေကို ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။